ကလိန်အောင် နိုဝင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အသက် (၁၂) နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၉) နာရီအချိန်ခန့်တွင် အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမ၌ ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉၆) ဦးနှင့်အထက် တန်းအဆင့် ကျောင်းသားကျောင်းသူ (၇၂) ဦး၊ စုစုပေါင်း (၁၆၈) ဦးတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး ကောင်းမွန်သူများအား ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
မိုးမိုးခိုင်