(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အစီအစဉ်အဖြစ် ဆောင်ရွက်သည့်ဧရာဝတီတိုင်းဒေသကြီး “တူယဉ်နွှဲပျော်ဂီတပွဲတော်” တေးသီချင်းသီဆိုမှုပြိုင်ပွဲကျင်းပ

ပုသိမ်     နိုဝင်ဘာ   ၁၄

(၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အစီအစဉ်အဖြစ် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၏ “တူယဉ်နွှဲပျော်ဂီတပွဲတော်တေးသီချင်းသီဆိုမှုပြိုင်ပွဲကို  ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌  ယနေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် (၆)ခရိုင်မှ ပြိုင်ပွဲဝင် အဆိုဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် “လာမည့်၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို  ပြည်သူများ မှတ်မှတ်ထင်ထင်သိရှိပြီး စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားစေရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း   ကိုယ်စိတ်၊ ပင်ပန်းနွမ်းနယ်နေသည့် ပြည်သူများအား ဖျော်ဖြေပေးရန် ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသည့်အစီအစဉ်အဖြစ် တူယဉ်နွှဲပျော်ဂီတပွဲတော် တေးသီချင်းသီဆိုမှုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊   မိမိတို့တိုင်းမှ(၃)ဦး ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း၊ အဆိုဝါသနာရှင်များမှ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ယနေ့ပြိုင်ပွဲရဲ့ အဆိုရှင်ရွေးချယ်ပွဲကြီးမှာ မိမိတို့မှာ ရှိတဲ့စွမ်းရည်ပညာပါရမီများကို ထုတ်ဖော်ပြသခွင့်ရရှိကြမှာဖြစ်ကာ ဧရာဝတီတိုင်းဂုဏ်ကို ဖော်ဆောင်ပေးသူများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြဖို့တိုက်တွန်း အပ်ပါကြောင်းပြောကြားခဲ့သည်။   ဆက်လက်၍   အကဲဖြတ်ဒိုင်အဖွဲ့မှ   ဦးကျော်ကျော်က       စည်းကမ်းသတ်မှတ်ချက်များနှင့်အမှတ် ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြပြီး Level(1)အဆင့်ပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တေးသီချင်းသီဆိုပြိုင်ပွဲဝင်ကြသူများအားလုံးကို ဂုဏ်ပြုငွေများ  ချီးမြှင့်ခဲ့ ကြောင်းသိရသည်။

ကိုတွတ်(တိုင်းပြန်/ဆက်)