ကျောက်တံခါး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်း ပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဥတ္တမာရုံ စာသင်တိုက်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတွင် ဥတ္တမာရုံစာသင်တိုက်ကျောင်းတိုက်ဆရာတော်က နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များကို တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက တရားတော်များကို နားယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော် ကြီးထံ ဆက်ကပ်လှူဒါန်းပေး ပြီးလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေသည်။
ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း (၃၆၇၀၀၀၀)ကျပ်အား ဥတ္တမာရုံစာသင်တိုက် ကျောင်းတိုက်အား ဆက်ကပ်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်း