သရက် နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ မတည်ပေးသည့် အောက်ဆီဂျင်စက်သည် အောက်တိုဘာ ၂၃ ရက်နေ့တွင် ရောက်ရှိပြီး ယခုအခါ စတင်လည်ပတ် ထုတ်လုပ်နေပြီဖြစ်ရာ စက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် စီမံ ဆောင်ရွက်ထားမှု အခြေအနေများအား မီးသတ်တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှ တစ်ရက်လျှင် (၄၀) လီတာ ဆန့်အောက်ဆီဂျင်အိုး (၁၀၀) လုံး ထုတ်လုပ် ပေးနိုင်ပြီး မြို့နယ်တွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ်မှု ကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီဖြစ်ရာ စက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှု ရှိ/မရှိ၊ အန္တရာယ်ရှိ အမှတ်အသားများချိတ်ဆွဲမှု ရှိ/ မရှိ၊ သတ်မှတ် စည်းကမ်း များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/ မရှိတို့အား စစ်ဆေးခဲ့သည်။ အောက်ဆီဂျင်စက်ရုံအတွက် မီးဘေး လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်ရွှေအောင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ပိုင်တို့က ရှင်းလင်းခဲ့ပြီး မီးသတ်ဦးစီးမှူးမှ မီးဘေးလုံခြုံရေးကိစ္စများအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း