ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွှေလှေ ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အခမဲ့ကွင်းဆင်းပြုလုပ် ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေ ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးနေမှု များနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အသုံးဝင်မှု၊ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန်အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရွှေလှေကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ် သည့် ဒေသခံပြည်သူ ၁၀၀ ဦးအား အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုး စာရင်း ဖြည့်စွက်ခြင်းနှင့် သေစာရင်း ပယ်ဖျက်ခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ပေးခြင်းကို လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ် လျာထားဦးရေ ပြည့်မီရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)