ဝက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်၊ ဒုတိယအသုတ်ဖြစ် လူဦးရေ ၆၅၉၀ ဦးကို ဆက်လက်ထိုးနှံပေး

ဝက်လက် နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယ အကြိမ်၊ ဒုတိယအသုတ်အဖြစ် လူဦးရေ ၆၅၉၀ ဦးကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ် သုံးခုတွင် ပထမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးတစ်လုံးကို လူဦးရေ ငါးဦးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးပြီးမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ ဝက်လက်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးစဉ်က စုရပ်သုံးခုဖြစ်သည့် အ.ထ.က ဝက်လက်မြို့၊ အ.ထ.က လှတောကျေးရွာ၊ အ.ထ.က ရွာသာကြီးကျေးရွာတို့တွင် ထိုးနှံပေးခဲ့ရာ ယခုအချိန်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်သောကြောင့်၊ ယခု ဒုတိယအကြိမ်တွင် ဝက်လက်မြို့ ဘုရားကြီးဝင်း အတွင်းတွင် စုရပ်တစ်ခု၊ ဝင်းလက်ရွှေရည် ဇာတ်ရုံအတွင်းတွင် စုရပ်နှစ်ခုခွဲကာ စုစုပေါင်း စုရပ်သုံးခုတွင် ဆက်လက် ထိုးနှံပေး ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက် ကြကြောင်း သိရှိရသည်။

စိုးစိုးလှိုင် (ဝက်လက်)