ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ (၁ ဒသမ ၈ )ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိ

ပွင့်ဖြူ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈)ပေကျော်ခန့် အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း သိရကာ နိုဝင်ဘာ ၁၄ ရက်၊ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၁ ဒသမ ၈) ပေခန့်သာ  ဆက်လက် ရေကျော်ကျမှု ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှုများခဲ့သည့်အတွက် ကြီးအုံကြီးဝတမံ အတွင်း မိုးရေဝင်ရောက်မှုများခဲ့ပြီး တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တမံရေပိုလွှဲမှ (၈)ပေကျော်ခန့်အထိ ရေကျော်ကျမှုများရှိခဲ့ကြောင်း၊ အဆိုပါ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေအား တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရေး အတွက် အစိမ်းရောင်အလံစိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထား ကြောင်း၊ တမံ ရေပိုလွှဲမှ ရေကျော်နေမှုများကိုလည်းနေ့စဉ် အွန်လိုင်းစနစ်ဖြင့် အချိန်နှင့် တစ်ပြေးညီ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့နယ်တွင် မိုးရွာသွန်းမှုရပ်တန့်သွားပြီဖြစ်၍ ကြီးအုံကြီးဝတမံတွင် ရေဝင်ရောက်မှု မရှိတော့သဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်နေ့ထက် တစ်နေ့ လျော့နည်းကျဆင်းလျက်ရှိပြီး ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၁ ဒသမ ၈) ပေခန့်သာ ရေကျော်ကျမှု ရှိ၍ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)