ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ     နိုဝင်ဘာ      ၁၄

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်း သစ်တောပြုန်းတီးမှု လျော့နည်းပပျောက်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်၍ ယမန်နေ့ ညနေ နာရီက ပွင့်ဖြူမြို့နယ်ညောင်ပင်စောက်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူ ၄၀ ဦး ကျော် တက်ရောက်ခဲ့ကြပြီး မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းက မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် အချက်များ၊ သစ်တော သစ်ပင်များ ပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ် များ၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် သစ်တောသစ်ပင်များ စည်းကမ်းမဲ့ ခုတ်လှဲခြင်းများ ရှောင်ကြဉ်ရန်နှင့် ရာသီဥတု ဂေဟစနစ် မျှတကောင်းမွန်ရေးအတွက် သီးနှံသစ်တော ရောနှောစိုက်ပျိုးရမည့်နည်းလမ်းများ ထင်းသုံးစွဲမှု လျှောချနိုင်ရေးအတွက် စွမ်းအားမြှင့်အေဝမ်းမီးဖိုများ ပြောင်းလဲသုံးစွဲရေး ဆိုင်ရာနည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ကျေးရွာနေပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တက်ရောက်လာသည့် ဒေသခံပြည်သူများကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် အေဝမ်းမီးဖိုးအလုံး(၂၀)အား ကံစမ်းမဲစနစ်ဖြင့် ဝေငှပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )