ခေါင်လန်ဖူး ဩဂုတ် ၂၀
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်က ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ(၈)ရွာများသို့ ကွင်းဆင်း၍ အသက်(၂)နှစ်မှ (၁၀)နှစ်အောက် ကလေးငယ်များအား သံချဆေးတိုက်ခြင်းနှင့် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား (Vitamin-A)ဆေးများ တိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးများ တိုက်ကျွေးခြင်းကို ခေါင်လန်ဖူးမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေး(၉၆)ဦးနှင့် ရခီဖူး၊ မရားတန်း၊ ရီဒမ်း၊ ဖုလွမ်း၊ နုဝမ်ကောင်၊ ဝခယ်၊ ချွမ်တိမ်းနှင့် မကာထကျေးရွာများရှိ ကလေး(၇၃)ဦး စုစုပေါင်း ကလေးငယ် (၁၆၉)ဦးအား အသက်အရွယ်အလိုက် သံချဆေးနှင့် (VitaminA)ဆေးများ တိုက်ကျွေးခြင်းနှင့် ကလေးမိဘများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းတို့ကို ခေါင်လန်ဖူးမြို့နယ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတို့က ဆောင်ရွက်ခဲ့ကြသည်။
ကျန်ရှိသည့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွားများတွင်လည်း အသက်အရွယ်အလိုက် ကလေးငယ်များ အားသံချဆေးနှင့် (Vitamin-A)ဆေးများ တိုက်ကျွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဂွမ်ဆိုင်းလီထံမှ သိရသည်။
"အခုလို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနှင့် ပတ်သက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များတွင် သံကောင်၊ တုတ်ကောင်များကြောင့် ဖြစ်ပေါ်တတ်သည့် ရောဂါများအပါအဝင် အခြားသော ကူးစက်ရောဂါများအကြောင်း၊ ဗိုက်တာမင်အေချို့တဲ့ရင် အမြင်အာရုံချို့တဲ့တယ်ဆိုတဲ့ ကျန်းမာရေး အသိပညာများရရှိစေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို အထူးပင်ကျေးဇူး တင်ရကြောင်း" ဒေသခံ ကလေးမိခင် တစ်ဦးမှ ပြောကြားခဲ့သည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)