ဟင်္သာတ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြိုနယ်တွင်း နေထိုင်သော ပြည်သူများအတွက် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ကျေးရွာနေပြည်သူထံအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ ကဟင်္သာတမြို့နယ် လက်ပံလှကျေးရွာအုပ်စု၊ လက်ပံလှကျေးရွာရွာ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးမျိုးဝင်းအောင် ဦးဆောင်၍ တိုက်နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၀) နှစ်မှ (၁၈)နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက် အတိုင်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အိမ်ထောင်စုလူဦးရေ ကျား(၁၉၁)ဦး မ (၂၄၇)ဦး စုစုပေါင်း (၄၃၈) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား ပန်းခင်းစီမံချက် အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ဟင်္သာတမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာပြည်သူများကိုလည်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ဆက်လက်ကွင်းဆင်း လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစိုးမြင့်အောင်ထံမှ သိရသည်။
ကိုဇော် -ပြန်ဆက်