(၂၆)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဂန့်ဂေါမြို့တွင်ကျင်းပ

ဂန့်ဂေါ နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၂၆)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို နိုဝင်ဘာ ယမန်နေ့ နံနက်(၉)နာရီက မြောက်ကုန်းရပ်ကွက် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးအနီးရှိ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဘုရားကြီးမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်းဦးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခိုင်ထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် စေတနာရှင် ပြည်သူများက ပင့်ဖိတ်ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်(၁၆)ပါးတို့အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြ၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြို့ခင်းသာ တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ တရားတော်များနာယူကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

အဆိုပါနေ့၌ ကျင်းပပြုလုပ်သော ဝန်ထမ်းပေါင်းစုံ(၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်ကြီး(၁၃)ပင်နှင့် ဆက်ကပ်လှူဒါန်းရာ စုစုပေါင်းအလှူငွေပမာဏ (၁၀၂)သိန်းကျော် ဖြစ်ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)