ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်လက်ခုပ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းသားများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သင်တန်းမှ ပို့ချသင်ကြား ပေးခဲ့သော အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် အရည်အသွေး ပြည့်မီသော သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်းနှင့် မိမိတို့ကျေးရွာရှိ ဒေသခံတောင်သူ များကိုလည်း လက်ဆင့်ကမ်းမျှဝေသင်ကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးစိုးက သင်တန်းတွင် ပို့ချ သင်ကြားပေးခဲ့သော စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက သင်တန်း သားများအနေဖြင့် မိမိတို့ဌာနနှင့် ချိတ်ဆက်၍ အကူအညီ ရယူဆောင်ရွက်နိုင်ကြောင်းနှင့် ရာသီ အလိုက် သီးနှံများစိုက်ပျိုးရာတွင် ယခုထက်ပိုမို၍ သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာသင်တန်းမှ သင်တန်း သား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများ၏ သိရှိလို သည့်မေးမြန်းချက်များအား ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်လက်ခုပ်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတောင်သူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရပြီး နိုဝင်ဘာ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၇)ရက်ကြာ အခြေခံစိုက်ပျိုးရေး နည်းစနစ်များ ၊ ပိုးမွှားရောဂါကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ၊ သီးနှံအလေအလွင့်ဆုံးရှုံးမှု လျော့နည်းရေး သီးနှံအချိန်မီသိမ်းဆည်းရေးဆိုင်ရာများ၊ သီးနှံများတွင် ဓာတုဓာတ်ကြွင်းအာနိသင်ပါဝင်မှု လျော့နည်းရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ သဘာဝ ပိုးသတ်ဆေး နှင့် သဘာဝမြေဩဇာပြုလုပ်နည်းအဆင့်ဆင့်နှင့် သုံးစွဲနည်းစနစ်များကို စာတွေ့ လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)