သရက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းဘုံကထိန် အလှူကို ယနေ့ နံနက် ၉ နာရီခွဲက သတ္တဌာနဘုရားကြီး သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကထိန်တော်ပွဲကျင်းပရာသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာ ဆရာတော်(၂၀)ပါးတို့ကြွရောက်ခဲ့ပြီး ကထိန်အောင်ပွဲ အခမ်းအနားကို ဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းမှ နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်ပြီး ဧည့်ပရိတ်သတ်များက မင်းကျောင်း ကျောင်းတိုက် ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တသစ္စာနန္ဒထံမှ (၈)ပါးသီလခံယူ ဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခဲ့သည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့ အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မြခဲတောင်ကျောင်း ဆရာတော်ဘဒ္ဒန္တ သီလဝံသထံမှ ဧည့်ပရိသတ်များက ကထိန်ရေစက်ချ တရားနာယူခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းထမင်း၊ ဆွမ်းဟင်းနှင့် အချိုပွဲများ ဆက်ကပ်ခဲ့သည်။
သရက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းဘုံကထိန်ပွဲတွင် ပင့်သံဃာအပါး (၂၀)တို့အတွက် ကထိန်သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအတွက် ကျပ်သိန်း(၂၀)အပါအဝင် ကထိန်မဲကျရာ မင်းကျောင်း ကျောင်းတိုက်တို့အတွက် လှူဒါန်းမှု စုစုပေါင်း တန်ဘိုးငွေကျပ (၉၇)သိန်းကျော်အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)