ကျောက်တံခါးမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် ၁၈ နှစ် အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ကျောက်တံခါး နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်အသက် ၁၈ နှစ် နှင့်အထက် ရှိသူများ၊  မသန်စွမ်းသူများ၊  ကူးစက်ရောဂါမဟုတ်သည့် နာတာရှည်ရောဂါဖြစ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက  လှည့်လည်ကြည့်ရူစစ်ဆေးကာ  လိုအပ်သည့်အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင်(၅)ဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံ ပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး တာဝန် ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာ သည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျသိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

 စန်းစန်း