မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာပိန်မြစ်ရေသည် အကြီးမားဆုံးမြစ်ရေကြီးလာနိုင်ကြောင်း ကြိုတင်သတိပေးလျက်ရှိ

ဗန်းမော်     ဩဂုတ်     ၁၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အထက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တာပိန်မြစ်ရေသည်  (၁ဝ)နှစ်တာကာလအတွင်း ယခုအခါ အကြီးမားဆုံးမြစ်ရေကြီးမှု ဖြစ်ပေါ်လာ နိုင်ကြောင်း ယနေ့နံနက်ပိုင်းက စတင်၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အောက်ပိုင်းရှိ ပြည်သူများထံသို့ တာပိန်ရေအား လျှပ်စစ်ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာနှင့် မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က မြစ်ရေကြီးခြင်း သတိပေးချက်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

တာပိန်မြစ်ရေသည် တရုတ်နိုင်ငံမှ စီးဆင်းလာသည့် မြစ်ဖြစ်ပြီး မိုးမောက်မြို့နယ်သို့ ဖြတ်သန်း၍ ဗန်းမော်မြို့အနီး၌ ဧရာဝတီမြစ်နှင့်ပေါင်းဆုံသော မြစ်ဖြစ်သည်။

တာပိန်ရေအားလျှပ်စစ်စက်ရုံ၏ အထက်ပိုင်းတွင် မိုးသည်းထန်စွာသွန်းပြီး တာပိန်မြစ်ရေသည် (၁ဝ)နှစ်တာကာလ အတွင်း အကြီးမာဆုံးမြစ်ရေကြီးမှုဖြစ်လာနိုင်ကြောင်း ဩဂုတ် ၁၉ ရက် နံနက် ၃ နာရီ ၃ဝ မိနစ်က စက်ရုံပုံမှန် စက်လည်ပတ်ထုတ်လုပ်သည့် ရေပမာဏ (၁၃ဝဝဝ) ကျူဆက် ထက်ကျော်လွန်ပြီး (၃ဝဝဝဝ)ကျူဆက်အထိ ရောက်ရှိ လာနိုင်မည်ဟု ခန့်မှန်းရရှိကြောင်း တာပိန်ရေအား လျှပ်စစ်စက်ရုံ အောက်ပိုင်းနေ ပြည်သူများထံသို့ မြစ်ရေကြီးခြင်း သတိပေးလျက် ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ဗန်းမော်မြို့ ပေါ်ရှိ အချို့ ရပ်ကွက်များတွင် မြစ်ရေစတင်ဝင်ရောက်လျက်ရှိကာ ပြောင်းရွှေ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ များက စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ဗန်းမော်ခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းတာချက်အရ ဗန်းမော် မြို့နယ်၌ ဧရာဝတီမြစ်ရေသည် (၁၀၂၂) စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေအမှတ်မှာ (၁၁၅ဝ) ဖြစ်ကြောင်း၊ မိုးရွာသွန်းမှု အနေဖြင့် (၁ ဒသမ ၆၉) လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)