ဖလမ်း နိုဝင်ဘာ ၉
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက် လူစည်ကားသည့်နေရာများတွင် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် အသိပေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေး ဖလမ်းမြို့ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ စည်ပင်သာယာရေးဈေးများတွင် ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့် ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ခြင်း ရှိ/မရှိ၊ ဈေးဆိုင်များတွင် ကြိုးတန်းထားခြင်းရှိ/မရှိစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး တို့ကို အသိပေးဆောင်ရွက်ကြသည်။
ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ မလိုအပ်ဘဲပြင်ပထွက်ခွာခြင်းမပြုရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာရန်လိုပါက တစ်အိမ်လျှင် တစ်ယောက်သာ ထွက်ခွာရန်၊ ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရ သည်ဟု သံသယဖြစ်ပါက ကျန်းမာရေးနဌာနနှင့် စေတနာ့ဝန်ထမ်း (Volunteer)များနှင့် ဆက်သွယ်ဆေးစစ်ခံယူကြရန်နှင့် ရောဂါပိုးတွေ့ရှိရပါက ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ကိုရှိန်း