ဟားခါး နိုဝင်ဘာ ၈
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယခင်နှစ်များနည်းတူ အစဉ်အလာမပျက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အခမ်းအနားပြင်ဆင်ရာတွင် ဆပ်ကော်မတီများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုကြောင်း၊ ဌာနဆိုင်ရာများ အလိုက်ယခင်နှစ် လှူဒါန်းမှုထက်မနည်းသည့် ပဒေသာပင်များ ပါဝင်လှူဒါန်းကြ စေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်က ယခင်နှစ်ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ယခုနှစ်တွင် ဆောင်ရွက်ရန် အစီအမံများနှင့် ပတ်သက်၍လည်းကောင်း ၊ ပြည်နယ် အစိုးအရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာကို ကိုဗစ်−၁၉ စည်းကမ်းများနှင့်အညီ ကျင်းပရေးနှင့် သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ် လှူဒါန်းနိုင်ရေး မဖြစ်မနေ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ စစ်ဗျူဟာ အခြေချ ၊ ဟားခါးမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထွန်းဝင်းက နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တက်ရောက် လာကြသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက် ရမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်တက်လမ်း