သနပ်ပင်၊ သြဂုတ် ၁၉
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စစ်ဆေးရေးအဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့မစျေးအတွင်း ရောင်းချနေသော အစားအသောက်များ၌ ကျန်းမာရေးကို ထိခိုက်စေသော ကြာရှည်ခံ ဓာတုဆိုးဆေးများ ရောစပ်ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသိန်းဆွေ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစံကြည်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီအချိန်က မြို့မစျေး အတွင်း သို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့မစျေးအတွင်းရှိ ပြည်သူများနေ့စဉ်စားသုံးနေသော အဓိ က အစားအသောက် များဖြစ်သည့် ဂျယ်လီ၊ ချိုချဉ်၊ မုန့်ဖတ်၊ ငရုတ်သီးမုန့်၊ ပဲပြား၊ မျှစ်၊ ငရုတ်သီးအတောင့်၊ အသားငါးများ ဟင်းသီးဟင်းရွက် စသည့် ပစ္စည်းများနှင့် ကင်ဆာဖြစ်စေနိုင်သော မှိုတက် သည့်ပစ္စည်းနှင့် ဓာတုဆိုးဆေးများ ရောစပ်ရောင်းချနေခြင်း ရှိ/မရှိကို စားသုံးသူပြည်သူများ လုံခြုံ စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် တစ်ဆိုင်ပြီး တစ်ဆိုင်ဝင်ရောက်စစ်ဆေး ခြင်း၊ စားသုံးရန် မသင့်သည့် ပစ္စည်းများကို သိမ်းဆည်းခြင်း၊ နောက်နောင် အဆိုပါစားသုံးကုန်များ ရောင်းချခြင်းမပြု ရန်နှင့် ရောင်းချခြင်းတွေ့ရှိပါက ပစ္စည်းသိမ်းဆည်းခြင်း၊ အစားအသောက် ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူခြင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြား ရှင်းလင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ဝေသော အသိ ပညာ သိကောင်း စရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)