တန့်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေရရှိနိုင်ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းများပေးသွင်း

တန့်ဆည်  ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့ငွေရရှိနိုင် ရန် (Ngwe Bike) အစီအစဉ်တွင် စာရင်းပေးသွင်းလျက်ရှိ‌ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေကြေး ရယူနိုင်ရန် ရုံးသို့လာရောက်ကြသည့် ကိုယ်ဝန်ဆောင်မိခင်များကို         Google Play Store နှင့် Apple Store တို့တွင် (Ngwe Bike) Application ကို Download ရယူပေးခြင်း၊ စာရင်းသွင်းရန် အခက်အခဲ ရှိသူများကို လူကိုယ်တိုင်အထောက်အထားနှင့်တကွ လာရောက်စာရင်းသွင်းပါက ဖုန်းအတွင်း စာရင်းပေးသွင်းခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ယခု ထောက်ပံ့ငွေသည် ကိုဗစ်-၁၉ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ကိုယ်ဝန်ဆောင် မိခင်များကိုတစ်ကြိမ် ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ဖြင့် တစ်ကြိမ်သာထောက်ပံ့သော ငွေကြေး ဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေးလျှောက်ထားရက်မှာ ဩဂုတ်လ(၁၁)ရက်မှ စက်တင်ဘာ (၁၅)ရက် နေ့ထိ စာရင်းသွင်းလျှောက်ထားနိုင်ပြီး လျှောက်ထားရာတွင် မိမိအစီအစဉ်ဖြင့်လည်းကောင်း၊  မိမိဆွေမျိုး  မိတ်ဆွေသူငယ်ချင်း အကူအညီဖြင့်ဖြစ်စေ  အထောက်အထား  ခိုင်ခိုင်လုံလုံဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)