မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မြို့သစ် သြဂုတ် ၁၉

မကွေးခရိုင်၊မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ မေလ ၂၆ ရက်နေ့က အတည်ပြုပြဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်အား ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ သိရှိ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ မြို့ပေါ်(၅)ရပ်ကွက်နှင့် ယာယီပျံကျစျေးအနီး လူအများသွားလာနေသည့် နေရာများ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ကို မြို့သစ် မြို့မရဲစခန်းမှူး ဒုရဲမှူး ဦးဆောင်၍ ဒုရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ ယာဉ် စည်း/ကြပ် တပ်ကြပ်ကြီး မျိုးထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာ၌ နောက်ကြည့်မှန်၊ အိတ်ဇောအသံထိန်း ကိရိယာမပါဘဲ မောင်းနှင်ခြင်းမပြုရန်၊ ရှေ့မီးအနိမ့်ကို နေ့ညဖွင့်၍ မောင်းနှင်ရန်၊ သတ်မှတ်စံနှုန်း များအတိုင်း မောင်းနှင်ရန်၊ ဆိုင်ကယ်စီး ဦးထုပ်အသုံးပြုခြင်း၊ မေးသိုင်းကြိုးတပ်ခြင်း အစရှိသည့် ဥပဒေသစ်အရ လိုက်နာရမည့် နည်းလမ်းများနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ပြည်သူများသိရှိရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)