ဖျာပုံ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၏ လမ်းညွှန်ချက်များ သိရှိလိုက်နာကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖျာပုံခရိုင်အတွက် Mobile Toilet (၃) လုံးရရှိသည့်အတွက် လူဦးရေများသည့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ် (၃) မြို့နယ်သို့ ခွဲဝေပေးမည်ဖြစ်ကြောင်းနှင့် အခြေခံအိမ်ထောင်စုများသို့ ထောက်ပံ့ငွေများ ပေးရာ ဒေးဒရဲ မြို့နယ်တွင် မိသားစုအလိုက် (၁၀) ဦး အခြားဒေသသို့ ပြောင်းရွှေ့သွားသဖြင့် တစ်ဦးလျှင် နှစ်သောင်းနှုန်းဖြင့် ၁၀ ဦးအတွက် နှစ်သိန်း ထောက်ပံ့နိုင်ခြင်းမရှိသဖြင့် တိုင်းဒေသကြီးသို့ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း တို့ကို အဖွဲ့ဝင်များအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဆရာဝန်ကြီး ဒေါက်တာ ဇင်မာစိုးက တရုတ်ပြည်မှ ပြန်လာသည့်လူ (၄) ဦးအား မင်းကျောင်းတွင် Facility Quarantine ထားရှိထားပြီး အာခေါင်တို့ပတ် အဖြေစောင့်နေကြောင်း၊ Home Quarantine တွင်(၅) ဦး ထားရှိထားကြောင်းနှင့် ပြည်တွင်းကူးစက်မှုရှိ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာရေး အသိပေး ဖြန့်ဝေပေးကြရန်နှင့် ခရိုင်ကော်မရှင်မှ ဦးဇော်လင်းဦးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင် ၇ ပေ ခြားမဲပေးနိုင်ရေး သရုပ်ပြလုပ်ဆောင်မည် ဖြစ်ကြောင်း မဲရုံများမခွဲနိုင် သော်လည်း ကောင်တာများ ခွဲထားမည်ပြီး မဲရုံပရဝဏ်ကျယ်ဝန်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကိုဗစ် ကော်မတီဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများအား အပြန်အလှန် ဆွေးနွေးကြကြောင်း သိရှိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)