မော်လိုက်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ

မော်လိုက်  နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လ ဒေသန္တရစီမံကိန်း ရည်မှန်း ချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီ က မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် က အဖွင့်အမှာစကား ပြောကြားရာ တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၃၀-၉-၂၀၂၁) ရက်နေ့ မှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ အမျိုးသားစီမံကိန်း ဥပဒေကို ဥပဒေအမှတ်(၂၆/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသား စီမံကိန်း ဥပဒေအရ ပြည်ထောင်စုကြီးရဲ့ GDP ကို ပုံမှန်စျေးနှုန်းများအရ (၃ ဒသမ ၈)ရာခိုင်နှုန်း တိုးတက်ဖို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ GDP ကို (၄ ဒသမ ၉) ရာခိုင်နှုန်း တိုးတက်ဖို့ ပြဌာန်းထားကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒေသနှင့် ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၃-၁၀-၂၀၂၁)ရက်နေ့တွင် တာဝန် ပေးအပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကဏ္ဍတာဝန်ခံ ခရိုင်အဆင့် ဌာနဆိုင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများထံ ထပ်ဆင့် တာဝန်ခွဲဝေ ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ တာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့ တာဝန်ကျရာ ခရိုင်/ မြို့နယ်များရှိ ပြည်သူများ၏ လူမှုစီးပွား၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးဖို့ ရေးဆွဲထားသည့် စီမံကိန်း ရည်မှန်းချက်များကို အလေးအနက် ထား ကြိုးစားဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ မော်လိုက်ခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်း ချက်မှာ ပုံမှန်စျေးနှုန်း များရ ကျပ် (၁၁၁၄၅၈ ဒသမ ၈) သန်းဖြစ်ပြီး (၄ ဒသမ ၀) ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်း ထားကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ မော်လိုက်ခရိုင်စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်း ထိုက်က ခရိုင်အတွင်းရှိ စီမံကိန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံကိန်း ဦးစီးမှူးတို့က ခရိုင်အတွင်းရှိ မော်လိုက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖောင်းပြင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံ ကဏ္ဍအလိုက် စီမံကိန်း ရည်မှန်းချက်တာဝန်များအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံကိန်း ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မော်လိုက်သားလေး