ထန်းတပင် (ပဲခူး) ဩဂုတ် ၁၉
ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာတွင် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဆင့်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း ဆောင်ရွက်ပေးရခြင်းမှာ ကျေးလက်နေ ပြည်သူများ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်သူ များနှင့် အသေးစား စီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရရှိသော ငွေကြေး အရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်း များဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက် ဖြင့်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများက ကျေးရွာ မတည်ငွေရရှိသည့် ကြိုးကုန်းကျေးရွာ၊ ပဲပုတ်ကျေးရွာ၊ မိုးမခ ကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ဘုရားကုန်းကျေးရွာနှင့် ဇီးဖြူခင် ကျေးရွာများသို့ ရန်ပုံငွေ (၁၆၀၀)သိန်းကို သက်ဆိုင်ရာကျေးရွာစီမံကိန်း ကော်မတီဝင်များထံသို့ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
သန်းထွန်း (ပြန်/ဆက်)