ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရွှေကူ  သြဂုတ် ၁၉

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အသိပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အတွင်းရှိ  ဧရာဝတီမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအား အသိပေးနှိုးဆော်ခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့၏ စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာ အောက် ၂ ပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါ မြစ်ရေသည် နောက် ၂ ရက်အတွင်း ရွှေကူမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ    အထူးသတိပြု နေထိုင်ကြရန် နှင့် ကျွဲ၊ နွား တိရိစ္ဆာန်အား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ရေးအတွက် ပြည်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်သန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ ပြည်တွင်းရေ​ကြောင်းပို့ဆောင်ရေး ဧရာဝတီဌာနခွဲ ရွှေကူမြို့နယ် ရေကြောင်း မန်နေဂျာ ဦးစိုးနိုင်ဦး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတိုးတိုးထွန်းနှင့် ရွှေကူမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အခြေအနေများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)