သံတောင်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးတောင်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော လင်းနို့ဂူမြေသြဇာများပေးအပ်

သံတောင်ကြီး သြဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြိုနယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်စိုက်ခင်း (၅၀) ဧကရှိ တောင်သူ (၂၇) ဦးအတွက် (CERP) ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်မှ ထောက်ပံ့ငွေများနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော လင်းနို့ဂူမြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်မင်းက တောင်သူများအတွက် နိုင်ငံတော်မှ စီးပွားကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့ငွေနှစ်ကြိမ်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ ယခုပထမအကြိမ်တွင် လယ်တစ်ဧကကို (၈၃၅၀၀) ကျပ်နှင့် မြေသြဇာနှစ်အိတ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများစိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးစိုက်ခင်းများတွင် ရာသီအလိုက်ပေါင်းရှင်းခြင်း၊ ဓါတ်မြေသြဇာကျွေးခြင်းများပြုလုပ်မှုမရှိဘဲ အပင်ဖြစ်ထွန်းမှုများမရှိပါက ဒုတိယအကြိမ်ထောက်ပံ့ငွေများထုတ်ပေးမည်မဟုတ်ကြောင်း၊ မျိုးစေ့ထုတ်လုပ်ငန်း အဆင့်ဆင့်ကိုလည်းရရှိသော ထောက်ပံ့ငွေများအား လယ်ယာလုပ်ငန်းတွင် အကျိုးရှိရှိအသုံးချစေရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မျိုးစေ့ထုတ်စိုက်ခင်းတောင်သူ (၂၇) ဦး၏ လယ်မြေဧက (၅၀) အတွက် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်ဖြင့် နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေ (၄၁၇၅၀၀၀) ကျပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောမြေသြဇာတစ်ဧကလျှင် နှစ်အိတ်နှုန်းဖြင့် မြေသြဇာအိတ် (၁၀၀) ကို တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)