လွိုင်ကော် ဩဂုတ် ၁၉
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိစေရေး အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသော မဲဆန္ဒရှင် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိစေရေး အတွက် လွိုင်ကော်မြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ လောပိတ မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်မွန် ဦးဆောင်သော ဝန်ထမ်းများ ၊ ကယားပြည်နယ် NORWEGIAN REFUGEE COUNCIL (NRC) အဖွဲ့တို့က အသက် (၁၈)နှစ်ပြည့် (၅)ဦး ၊ (၁၈)နှစ်ပြည့် လဲလှယ် (၁၁)ဦး၊ ပျောက်ဆုံး/မိတ္တူ (၄၄)ဦး ၊ စုစုပေါင်း (၆၀)ဦး တို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့ပြီး ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစန်းဝေ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း တို့က သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)