ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန(HORC)၏ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ် ဒိုက်ဦးမြို့၌ ဆောင်ရွက်

ဒိုက်ဦး နိုဝင်ဘာ ၃

မြန်မာနိုင်ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်သော ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန (HORC)၏ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်ကို ယနေ့နံနက် ၈ နာရီ အချိန်မှနေ့လယ် ၁၂ နာရီအချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ ဆေးရုံကြီး၌ ပြုလုပ် ဆောင်ရွက်သည်။

အစီအစဉ်အရ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ခြေအင်္ဂါချို့ယွင်းပြီး ခြေတုအဟောင်း၊ လက်ထောက်များ၊ အားပြုကိရိယာများ အသုံးပြုနေရသူ(၄၉)ဦးအား အသေးစား ပြင်ဆင်မှုများ၊ အကြီးစားပြင်ဆင်မှုများ အခမဲ့ပြုလုပ်ပေးပြီး အသစ်လဲလှယ်ရန် လိုအပ်သူများကို ဌာနသို့ပြန်လည် ညွှန်းပို့သွားမည်ဖြစ်သည်။

အဆိုပါဘားအံခြေတု လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာန (HORC) အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းအောင် ဦးဆောင်ပြီး ဒိုက်ဦးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်စိုး၊ ဒုတပ်ဖွဲ့မှူး ဦးအေးချိုတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော် (ဒိုက်ဦး)