ရွှေသောင်ယံမြို့တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရွှေသောင်ယံ  ဩဂုတ်  ၁၉

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စု၊ အုန်းချောင်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ‌ ငှားရမ်းပေးခြင်းကို ပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင် က တက်ရောက်လာကြသော ဒေသခံပြည်သူများအား လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ မိမိတို့ဒေသနေ ပြည်သူများအား လူကုန်ကူးမှုခံရသည့် အန္တရာယ်များမှ ကင်းဝေးစေရန် သိသင့်သိထားထိုက်သော အခြေခံဗဟုသုတ အကြောင်းအရာများကို ပညာပေး ဟောပြောခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်သူများကို ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည်တိုက်မှ စာအုပ်၊ စာ‌စောင်များ ခင်းကျင်းပြသပြီး စာအုပ်စာစောင် ဖတ်ရှုလိုသည့် သုတ၊ ရသ စာအုပ်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြသည်။ အသိပညာပေး ဟောပြောပွဲသို့ ရွှေသောင်ယံမြို့ရှိ အုန်းချောင်းကျေးရွာနေ ပြည်သူများနှင့် သဘော့ကန် ကျေးလက်ကျန်းမာရေး ဌာနအတွင်းရှိ ကျန်းမာရေး ဆရာမများ တက်ရောက် နားထောင်ကာ စာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာဖြင့် ငှားရမ်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင် ပြန်/ဆက်