လောင်းလုံး သြဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ အုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၊ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရန်ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောင်းလုံးမြို့ နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်ထံမှသိရှိရပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောက်ဆင်ကျေးရွာ အုပ်စုမှ (၁၁၁) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၀) စုတို့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် ဝန်ထမ်းများ၊ NRC မှ တာဝန်ခံ စောအယ်နေသားနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)