အုတ်ဖိုမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား/ကျောင်းသူများအား ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမည်

အုတ်ဖို နိုဝင်ဘာ ၁၇

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရေးအတွက် နိုဝင်ဘာလ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အုတ်ဖိုမြို့နယ်အတွင်း၌ အသက် ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူ (၄,၆၄၇)ဦးရှိပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအရဆေးထိုးနှံရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား/ ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက်နေ့က ပထမအသုတ်အဖြစ် (၁,၄၄၂)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအခါ ဆေးထိုးရန်ကျန်ရှိသည့် အ.ထက အုတ်ဖိုမှ (၈၈၉)ဦး၊ အ.ထ.က အိုးသည်ကုန်းမှ (၄၆၁)ဦး၊ အ.ထ.က အေးမြသာယာမှ (၄၀၇) ဦး၊ အ.ထ.က တိမ်ညွန့်မှ (၆၇၅)ဦး၊ အ.ထ.က(ခွဲ)မတောင့်တမှ (၃၂၈)ဦး၊ အ.ထ.က (ခွဲ) ကိုင်းကလေးမှ (၂၄၀)ဦးနှင့် အ.လ.က သက်ကယ်ကျင်းကုန်းမှ (၂၀၅)ဦး စုစုပေါင်း (၃၀၂၅)ဦးအား ဆေးထိုးစုရပ်နေရာ(၇)နေရာခွဲ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဦးကိုကိုမောင်ထံမှ သိရသည်။

အောင်သူ(အုတ်ဖို)