လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ ကြာအင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကြာအင်းကျောင်းဆရာတော်နှင့် မဲဆမိတ်ကျောင်း ဆရာတော်တို့မှ ဩဝါဒမြွတ်ကြားခဲ့ပြီး နယ်ခြား စောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ဒေသအတွင်းရှိ လူငယ် လူရွယ်များ အနေဖြင့် အားကစားများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစား ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဘောလုံးအား ကစားကို ဒေသအတွင်းတွင် ပိုမိုးတိုးတက်လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လှိုင်းဘွဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန်က အားကစားပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြိုင်ပွဲဝင်များအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲတွင် ကျေးရွာများမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၂၄) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)