ဟင်္သာတ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးမှူးရုံးမှ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ဟင်္သာတမြို့နယ် အတွင်းပန်းခင်းစီမံချက်ဖြင့် (၂၀၂၁ မေလ ၃ ရက်မှ ၂၀၂၁ အောက်တိုဘာလ) အထိ ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၁၈၀)ကဒ်အနက်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၀၀)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၀၀)ခုတို့အား ဒေသခံပြည်သူများကိုယ်စား ရွှေကူရပ်ကွက်နေ ဦးဘိုဘိုဝင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ မောင်ရဲနိုင်ထူး၊ မောင်သူရထက်လင်း၊ မနှင်းသီရိလွင်တို့အား ဝန်ကြီးချုပ်မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများကိုယ်စား ဦးသိန်းဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဝင်း၊ ခရိုင် လ၀က မှ ဒုညွန်မှူး ဦးညွန့်ဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်လွင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်စွာထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ