တောင်ငူ သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးခြင်းများ မပြုလုပ်ရန် ကန့်သတ်ထားခဲ့ရာမှ ယခုအခါ လူ (၃၀) ဦး ထက်မပိုသော လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာန၏ ညွှန်ကြားချက်များနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ယမန်နေ့ ၃ နာရီအချိန်က ဘာသာရေးအဖွဲ့အစည်းပေါင်းစုံမှာ တာဝန်ရှိသူ များနှင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံညှိနှိုင်းအစည်းအဝေး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ကိုဗစ် -၁၉ ကာလအတွင်း လူဦးရေ (၃၀) ထက်မပိုသော လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘုန်းတော်ကြီးကျောင်းများ၊ ဟိန္ဒူဘုရား ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီများ၌၊ သီလယူခြင်းကောင်းမှုပြုခြင်း၊ ဝတ်ပြုခြင်း လုပ်ငန်းများကို ယခုအခါဖြေလျှော့သည့် အနေဖြင့် (၃၀)ဦး ထက်မပိုသော သီလယူခြင်းဝတ်ပြုခြင်း၊ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်း လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားပြီး လူဦးရေများပါက တာဝန်ရှိသူများမှ ကြီးကြပ်၍၊ (၃၀)ဦး ထက်မပိုသော လူဦးရေဖြင့်(၁)နာရီခြားကာ အသုတ်ခွဲ၍ ဆောင်ရွက်နိုင်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသီးသီး ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)