ရွှေကျင်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

ရွှေကျင် နိုဝင်ဘာ၂

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ရွှေကျင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း၌ ကျောင်းများ ယာယီပိတ်ထားရာမှ ယမန်နေ့ နံနက် ၉ နာရီမှစ၍ တစ်ပြိုင်နက်ပြန်လည် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်းသိရသည်။

အခြေခံပညာကျောင်းများသို့ ကျောင်းသား/ကျောင်းသူများ လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆရာ/ဆရာမများက ကျောင်းဝင်ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း လက်သန့် ဆေးရည်များဖြင့် လက်ဆေးပေးခြင်းတို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့် ပြုပေးလျက်ရှိကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများအားလုံး၌ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေ‌ရေးနှင့် လုံခြုံရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နယ်မြေခံ တပ်မှတပ်ဖွဲဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျောင်းအုပ်ဆရာ/ဆရာမများ မိဘဆရာအသင်းဝင်များ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)