ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများ အားလုံး ပြန်လည်ဖွင့်လှစ်

ရေနံချောင်း နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ မြို့နယ်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိမှုနှုန်း သိသိသာသာလျော့နည်းသွားပြီး ဖြစ်သည့်အတွက် ယနေ့နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားကျောင်းသူများအေးချမ်းစွာ တက်ရောက်ပညာသင်ကြားကြကြောင်း သိရသည်။

ယနေ့ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာမှာ ကျွန်တော်တို့မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၁၅၀၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအပါအဝင် စုစုပေါင်း အခြေခံပညာကျောင်း ၁၅၄ ကျောင်းကို ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကတော့ ခွဲတမ်းရရှိမှုအပေါ်မူတည်ပြီးတော့ အလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၈၉၀ ဦးကို ထိုးနှံပေးပြီးပါပြီ။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးစီးသူရော မထိုးနှံရသေးသူရော ကျောင်းသားကျောင်းသူများ အားလုံးတက်ရောက် ပညာသင်ကြားနိုင်ပါတယ်ဟု မြို့နယ်ပညာရေးမှူး က ပြောသည်။

 အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် နှာခေါင်းစည်း၊ မျက်နှာအကာများ တပ်ဆင်ခြင်း၊ စာရေးကိရိယာများ မျှဝေသုံးစွဲခွင့်မပြုခြင်း၊ ကျောင်းအဝင်နှင့် စာသင်ဆောင်ရှေ့တွင် လက်ဆေးဘေစင်များ ထားရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဆောင်ရွက်ထားရှိကြောင်းနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရေနံချောင်း