ချီဖွေမြို့နယ်၌ (၅)နှစ်အောက် ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး

ချီဖွေ  သြဂုတ်  ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ် ရစ်လောင်ခေါင် ရပ်ကွက်ရှိ အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၉ မှ (၄)နာရီအထိ ရစ်လောင်ခေါင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဘောမ်ဝမ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ဝါအောင်နှင့် အဖွဲ့ဝင်တို့ ပူးပေါင်း၍ အသက်(၅)နှစ်အောက် ကလေးငယ်များအား လက်မောင်းလုံးပတ် (cm) တိုင်းတာခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး အသက်(၆)လမှ (၅)နှစ်အောက် ကလေးများကို ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် အသက်(၂)နှစ်မှ (၅)နှစ်အောက် ကလေးများအား သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က အသက်(၅)နှစ်အောက် ကလေးငယ် များအား အာဟာရဓာတ်ဖြည့် အစာများ ပေးဝေခဲ့ကြသည်။

ချီဖွေမြို့နယ်၌ (၅)နှစ်အောက် ကလေးသူငယ်များအား မျက်စိအားဆေး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း ကို သြဂုတ်လ (၁၄)ရက်နေ့မှ သြဂုတ်လ (၂၆)ရက်နေ့အထိ ရက်ကွက်၊ ကျေးရွာအုပ်စုများရှိ စုရပ်နေရာ အသီးသီးတွင် (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)