ရှားတောမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပ

ရှားတော၊ နိုဝင်ဘာ ၁

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ(၂)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှားတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဦးစီးအရာရှိ ဦးထွန်းအေးက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ မေလ(၃) ရက်နေ့မှ နိုင်ငံတဝန်းစတင်ခဲ့ပြီး ရည်ရွယ်ချက်မှာ ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးနိုင်ငံသားတစ်ယောက်အဖြစ် ခိုင်မာအတည်ပြုနိုင်ရန်နှင့် နိုင်ငံတော်၏ အနာဂတ်ရှေ့လုပ်ငန်းများမှာ မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစစ်ဆေးရေးကတ်များ ကိုင်ဆောင်နိုင်အောင် တစ်နိုင်ငံလုံး အရှိန်အဟုန်နှင့် ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်(၄)မျိုးနှင့် ဆောင်ရွက်ပေးသွားမည့်အကြောင်း စသည့်ပန်းခင်း စီမံချက်နှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်က ဆွေးနွေးမေးမြန်းရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းအေးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး ပန်းခင်းစီမံချက်ကာလကို ၂၀၂၁ ခုနှစ်၊ မေလ(၃) မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ အထိ (၁၈)လ ဖြစ်ကြောင်းသိရသည်။

ဦးထွန်းအောင် (ပြန်/ဆက်)