အောင်လံ နိုဝင်ဘာ ၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၁ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ပညာသင် ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ တာဝန်ရှိ ဆရာ/ ဆရာမများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေစေ၍ သင်ခန်းစာများ ပို့ချသင်ကြားစေပြီး အောင်လံမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၇၆)ကျောင်း၊ မူလတန်းကျောင်းခွဲ (၆)ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၁)ကျောင်း၊ အလယ်တန်းကျောင်း (၄၅)၊ အလယ်တန်းကျောင်းခွဲ (၄၀)၊ အထက်တန်းကျောင်း (၁၃)၊ အထက်တန်းကျောင်းခွဲ (၃၂)၊ စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၂၅၃) ကျောင်းတွင် ကျောင်းအပ်နှံထားသော ကျောင်းသား/သူ စုစုပေါင်း (၁၁၁၅၅)ဦးရှိပြီး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား အားပေးစကား ပြောကြားပြီး ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းလုံခြုံရေးနှင့် ကျောင်းသား/သူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း