သာယာဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြား

သာယာဝတီ နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်က စတင်ဖွင့်လှစ်ပြီဖြစ်ရာ သက်ဆိုင်ရာ အခြေခံပညာကျောင်းများ အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပျော်ရွှင်စွာ ပညာသင်ကြားနေကြကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမများ ပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်း လမ်းများအတိုင်း လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးထားခြင်းနှင့် စာသင်ခန်း၌ ၆ ပေ အကွာ ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန် သင်ကြားပေးနေကြောင်း သိရသည်။

‌သာယာဝတီမြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၂၁)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၄၅)ကျောင်း၊ အခြေခံမှုလတန်းကျောင်း (၁၀၂)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(၃)ကျောင်း စုစုပေါင်း (၁၇၁)ကျောင်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)