ပန်းတောင်း နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၃)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ထုံးဘို (မြသိန်းတန်ဘုရား)၊ ငါးဆယ်ပေး (ဘုရားပေါ်ဓမ္မာရုံ)၊ ရွှေဘုံသာမုနိ (သစ်တောဓမ္မာရုံ) တို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံ ဆောင်ရွက် ပေးနေကြောင်းသိရသည်။ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ်(၃)နေရာတွင် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်းသိရသည်။ ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)