ဆားလင်းကြီး အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က သတ်မှတ်စုရပ်နေရာများ ဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ငွေသာခန်းမ နှင့် OSSခန်းမတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ မြို့နယ်ဆရာဝန်ကြီးမှ ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘ များအား အသိပညာပေး ဆွေးနွေးခြင်း၊ ကော်မတီဝင်များက အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ပြီးနောက် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်း၊ ဆေးထိုးစာရင်း ရေးသွင်းခြင်းများဆောင်ရွက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ငွေသာခန်းမတွင် ပထမအကြိမ်အဖြစ် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၄၆)ဦးအား လည်းကောင်း၊ OSSခန်းမတွင် ဒုတိယအသုတ် (ဒုတိယအကြိမ်)အဖြစ် ပြည်သူ(၂၅၀)ဦးအား လည်းကောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက နေ့စဉ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာခိုင်