မင်းဘူး အောက်တိုဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဝင်း အတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်သာယာလှပစေရေးတို့အတွက် အပတ်စဉ် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများကို စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ကျောင်းပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်တာကြောင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပစေရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ယခုလို ဝိုင်းဝန်း စုပေါင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မန်းရေနံ မြေဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ ရပ်ကွက်နေ ပြည်သူများနှင့် စေတနာ့ဝန်ထမ်းများ စုပေါင်းကာ ကျောင်းဝင်းအတွင်း ပေါက်ရောက်နေသော မြက်၊ ချုံနွယ် ပိတ်ပေါင်းများနှင့် မလွတ်ကင်းသော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို လူအင်းအား (၁၀၀)ကျော်ဖြင့် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)