ပခုက္ကူ အောက်တိုဘာ ၃၀
နည်းပညာနှင့် အတတ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် အမျိုးသမီးများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်၊ ထိုပညာရပ်များဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သဘာဝ ဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ တွင် အောက်တိုဘာလ၃၀ရက် နံနက်၇နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အမျိုးသမီး စက်ချုပ်(အခမဲ့)သင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကို ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ(အခမဲ့)ဆေးခန်းနှင့်အရေးပေါ် လူနာတင်ယာဉ်ကူညီမှု အဖွဲ့ဝင်များ ပူးပေါင်း၍အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပခုက္ကူမြို့ပေါ်နှင့် ကျေးရွာများမှသင်တန်းသူ ၂၃၅ဦး တက်ရောက်ကြကြောင်း၊ သင်တန်းနည်းပြ ပရဟိတဆရာမ မအိဦးဆောင်သော သင်တန်းနည်းပြဆရာမ ငါးဦးက အခြေခံစက်ချုပ်နည်းများအပါအဝင် ထိုင်းစင်တီမီတာနှင့်အဆင့်မြင့်လက်မတိုင်းတာနည်း စသည့် အမျိုးသား၊အမျိုးသမီးအဝတ်အထည်များ ဒီဇိုင်းရေးဆွဲနည်းများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက်နေ့အထိ သင်တန်းကာလနှစ်လခွဲကြာ နေ့စဉ် နံနက် ၇နာရီ မှ ညနေ၅နာရီခွဲအတွင်း အပတ်စဉ် တနင်္လာနေ့မှ ကြာသပတေးနေ့အထိ စာတွေ့လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါစည်းကမ်းချက် များနှင့် အညီဖြစ်စေရေး ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျတပ်ဆင်စေခြင်း၊ သင်တန်းခန်းမအပေါက်ဝ တွင် လက်ဆေးဘေးစင်ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် သင်တန်းသူများအား အဖွဲ့ငါးဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ၂နာရီကြာ ပို့ချသင်ကြားပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း မိမိနေအိမ်တွင်နေထိုင်းရင်း ကိုယ်ပိုင်အလုပ်အကိုင် အခွင့်အလမ်းမှတဆင့် တပိုင်တနိုင်မိသားစုဝင်ငွေရရှိစေမည့်သင်တန်းများ၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်မည့်သင်တန်းများကို အခမဲ့ဆက်လက်ဖွင့်လှစ်နိုင်ရေး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်စေတနာ(အခမဲ့)ဆေးခန်းနှင့် အရေးပေါ်လူနာ တင်ယာဉ် ကူညီမှုအဖွဲ့မှအဖွဲ့ခေါင်းဆောင် ဦးတင်အောင်ကြည်ထံက သိရသည်။
ဆလိုင်းကိုကီး