ထန်းတပင်(ပဲခူး) အောက်တိုဘာ ၃၀
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ်မြေးဆက် ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂)သိန်း မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့အဝင် စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တောင်ငူခရိုင် ငါးလုပ်ငန်းဦးစီးဌာန မှူး ဦးမြင့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ ထန်းတပင်မြို့စခန်း တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွက်ကဲရေးကော်မတီနှင့် မြို့နယ်ငါး လုပ်ငန်းဦးစီးဌာနဝန်ထမ်းများ၊ ရေလုပ်သားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက ရေလုပ်သားများလက်ဝယ်သို့ ငါးသားပေါက်မျိုး များဖြန့်ဖြူးပေးအပ်ခဲ့ပြီး (၂)လက်မ အရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁)သိန်းနှင့် ငါးခုံးမ ကြီး သားပေါက်ကောင်ရေ (၁)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂)သိန်းကို စစ်တောင်းမြစ်အတွင်းသို့စုပေါင်းကာ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)