မကွေး အောက်တိုဘာ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအတွင်း ခန့်အပ် သည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ ပညာရေးဒီဂရီ ကောလိပ်တွင် ကျင်းပရာ မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာ စကားပြောကြားရာ ယခုသင်တန်းကို ဝန်ကြီးဌာနမှ စွဲကိုင်ကျင့်သုံးလျက်ရှိတဲ့ ဥပဒေများနှင့် ဦးစီး ဌာနအလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များအား သေချာစွာ နားလည်သဘောပေါက်ပြီး လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေးနှင့် လက်နက်မဲ့စစ်ရေးပြကို လက်တွေ့လုပ်ဆောင်နိုင်ကာ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေးရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီး ဝန်ထမ်းဘဝတစ်လျှောက် ဆက်လက်သင်ယူလေ့လာဆည်းပူးသွားရမှာ ဖြစ်ကြောင်း၊ ဝန်ထမ်းသစ် များဖြစ်တာနှင့်အညီ ဝန်ထမ်းများလိုက်နာရမည့် ကျင့်ဝတ်များ/ တာဝန်များကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် သင်တန်းဆင်းပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ရောက်ပြီး အင်အားဖြည့်ဆောင်ရွက်ကြရာမှာ ဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားတစ်ယောက်၏လူမှုဘဝလုပ်ငန်းဆောင်ရွက်မှုတွင် အထောက်အကူဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားအား ဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက်ပေးလိုသည့် ခံယူချက်ဖြင့် ဆောင်ရွက်ပေးကြရန်နှင့် စီမံချက်အောင်မြင်ရေးအတွက် အားလုံး အားကြိုးမာန်တက် တက်ညီ လက်ညီ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ အခြေခံဘာသာရပ်သင်တန်းတွင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး၊ လူမှုဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်တို့မှ သင်တန်းသား/သူများ အား သင်တန်းဆင်းလက်မှတ်များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ချိန်၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုအောင်(မကွေးပြန်/ဆက်)