မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အ.ထ.က(၄)ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား တွေ့ဆုံ

မကွေး           အောက်တိုဘာ          ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ ၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများအား ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က မကွေးမြို့ အ.ထ.က(၄)ကျောင်းရှိ ပတ္တမြားခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တွေ့ဆုံပွဲအခမ်းအနားတွင် မကွေးမြို့အ.ထ.က(၄)ကျောင်းတွင် တာဝန် ထမ်းဆောင်နေ သည့် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ပြီးနာက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင်  နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/သူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေး နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရာတွင် ကျောင်းသား/သူများ လုံခြုံဘေးကင်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် နှာခေါင်းစည်း (Mask)များအား စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများဖြစ်စေရန် တိုက်တွန်းအသိပညာပေးခြင်းများ အား ဆောင်ရွက်စေလိုကြောင်းနှင့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းသား/သူများ ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား/သူများ ဖြစ်လာစေရန် သင်ကြားပြသပေးစေလိုကြောင်း၊ကျောင်းရှိ ဆရာ/ဆရာမ အများစုသည် မြို့ခံများဖြစ်သည့် အတွက် ကျောင်း၏ အောင်မြင်မှုရလဒ်များကို ဆက်လက် ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်တို့က မကွေးမြို့ အ.ထ.က(၄)ကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ(မကွေးပြန်/ဆက်)