မကွေး အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ ရိုးရာခြင်းလုံး အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ခရိုင် အားကာစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံရိုးရာခြင်းလုံး အားကစား သင်တန်းဖွင့်ပွဲအခမ်းနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အားကစားနည်းဟူ၍ အသီးသီးရှိကြပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု အားကစားနည်းများတွင် မြန်မာရိုးရာခြင်းခတ် အားကစားနည်းလည်း တစ်ခုအပါအဝင်ဖြစ်ကာ မတိမ်ကော မပပျောက်စေရေးအတွက် အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ပေါက်လာစေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်သော လူငယ်များ ပေါ်ပေါက်လာစေရေးသည် ယနေ့လူငယ်များ၏ သမိုင်းပေးတာဝန် တစ်ရပ် ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း မြန်မာ့ရိုးရာခြင်းခတ်အားကစား မတိမ်ကော၊ မပပျောက်စေရေးနှင့် ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု မျိုးဆက်သစ် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရေး တို့အတွက် ယခုလို အခြေခံရိုးရာခြင်းလုံးအားကစားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အခြေခံရိုးရာခြင်းလုံး သင်တန်း အတွက် ခြင်းလုံးများအား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သရုပ်ပြခြင်းလုံးအဖွဲ့အား ဂုဏ်ပြုဆုငွေများအား လည်းကောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ လူမှုထူးချွန်ပထမအဆင့်၊ ကျောက်စိမ်းဘုရားဒါယကာ ဦးစိုးနိုင်မှ ခြင်းလုံးနှင့်မကွေးတိုင်း ခြင်းလုံးရုံ ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေကျပ်(၁၀)သိန်းအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး မျိုးဆက်သစ် လူငယ် မောင်မယ်များမှ မြန်မာ့ရိုးရာခြင်းလုံး အခြေခံအထိ (၆)ချက် သရုပ်ပြသခတ်ကစားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၂ခုနှစ်၊ မတ်လတွင် မကွေးတိုင်းဒေသကြီး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာခြင်းလုံး ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ရိုးရာခြင်းလုံး (၄)ပေါက်တန်း ဝိုင်းဖွဲ့အမှတ်ခတ် သရုပ်ပြသခဲပြီး ဆီးဂိမ်းရွှေတံဆိပ်(၂)ဆုရှင် မတင်တင်လင်းမှ စွမ်းရည်းပြသခတ်ကစားခဲ့ရာ တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)