ဒီပဲယင်း အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့တွင် အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ မွန်းတည့် ၁ နာရီ အချိန်ထိ ဒီပဲယင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ စုရပ်ထားပြီး နှစ်ရက်မြောက်နေ့ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးမီ ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ကို ရယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ ဆေးထိုးမည့် ကျောင်းသား၊ ကျောင်းသူ၏ မိသားစုဝင်အတွင်း ရောဂါအခံရှိ/မရှိ မေးမြန်းခြင်း၊ ကာကွယ်ဆေးထိုးမည့် ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်း၊ ကာကွယ်ဆေး ထိုးပြီးနောက် နေထိုင်လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ရှင်လင်း ဆွေးနွေးခြင်းများ စနစ်တကျ ဆောင်ရွက်ပြီးမှ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
ဒီပဲယင်းမြို့နယ်တွင် ပထမအသုတ် ပထမအကြိမ် အောက်တိုဘာ ၂၇ ရက်နေ့၌ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၆၄)ဦး၊ အောက်တိုတိုဘာ ၂၈ ရက်တွင် (၂၆)ဦး၊ စုစုပေါင်း(၁၉၀)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)