လေရှီး အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များအနက် လေရှီးမြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အခြေခံပညာအထက်တန်း ကျောင်း၌ အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးကိုစတင်ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ယနေ့နံနက်ပိုင်းတွင်ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးကျော် လာရောက် ထိုးနှံခဲ့ကာ အောက်တိုဘာလ (၂၈)ရက်နေ့မှ (၂၉)ရက်နေ့အထိ
ကျောင်းသားဦးရေ စုစုပေါင်း (၂၀၀)ကျော်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးသတ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဆရာဝန် ဒေါက်တာ နေအောင်စိုးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ် နိုင်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆိုင်းသာ(လေရှီး)