စေတုတ္တရာ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယမန်နေ့နံနက်ပိုင်းက ဟန်ဒေါက်ကျေးရွာအုပ်စု၊ ရေသောင်ကျေးရွာအုပ်စုနှင့် ပုပိုင်း ကျေးရွာအုပ်စုများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင် နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဟန်ဒေါက်ကျေးရွာအုပ်စု၊ ရေသောင်ကျေးရွာ အုပ်စုနှင့် ပုပိုင်းကျေးရွာအုပ်စုများရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား မြန်မာနိုင်ငံသားဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ မဲဆန္ဒရှင်စာရင်းများမှ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်အသစ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူ ကျား(၇)ဦး၊ မ(၅)ဦး စုစုပေါင်း (၁၂)ဦးအား အထောက်အထားများ စိစစ်၍ အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး အနေဖြင့် ကျန်ရှိနေ သေးသည့် ကျေးရွာများတွင်လည်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသူများအား ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးထင်အောင်ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)